News

မြန်မာနိုင်ငံအာမခံအသင်း ကိုယ်စားလှယ်များတွေ့ဆုံပွဲနှင့် အာမခံသတင်းလွှာ မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပခြင်း

မြန်မာနိုင်ငံအာမခံအသင်း ကိုယ်စားလှယ်များတွေ့ဆုံပွဲနှင့် အာမခံသတင်းလွှာ မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ၊ ၂၉ ရက် (ကြာသပတေးနေ့)၊ ယနေ့နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာ့အာမခံရုံး (၆) လွှာ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ MIA ဒုတိယဥက္ကဌ ဦးညိုမြင့်၊ အတွင်းရေးမှူး ဦးသောင်းဟန်နှင့် အဖွဲ့ဝင်များ၊ အထူးဧည့်သည်တော်များဖြစ်ကြသည့် ဆရာကြီး ဒေါက်တာမောင်မောင်သိမ်း၊ ဦးဘထွန်း၊ မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိလူကြီးမင်းများ၊ ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ CEO များ၊ အာမခံကိုယ်စားလှယ်များနှင့် မီဒီယာကဏ္ဍမှ ဖိတ်ကြားထားသူများ စုံလင်စွာဖြင့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ MIA ဒုတိယဥက္ကဌက အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် MIA ၏ Intermediary Committee မှ ဥက္ကဌဖြစ်သည့် ဦးမျိုးမင်းသူက MIA အသင်း၏ ဖွဲ့စည်းထားမှုပုံစံ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ အာမခံကိုယ်စားလှယ်များ၏ အခန်းကဏ္ဍအရေးကြီးပုံနှင့် အနာဂတ်တွင် အာမခံကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းအဖြစ် အာမခံသတင်းလွှာ အယ်ဒီတာချုပ် ဦးစိုးဝင်းသန့်က အာမခံသတင်းလွှာ ထုတ်ဝေမည့်အကြောင်းအား ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ၏ အာမခံလောကဖွံ့ဖြိုးတိုးတက်အောင်မြင်ရေး၊ ပြည်သူလူထုကို အာမခံအသိပညာပေးရေး၊ အာမခံအကြောင်းဗဟုသုတများနှင့် နောက်ဆုံးရအာမခံသတင်းများအား အမြဲမပြတ်သိရှိစေနိုင်ရေး၊ မီဒီယာကဏ္ဍတစ်ရပ် ပီပြင်စွာပေါ်ပေါက်လာစေနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းကူညီနိုင်ကြစေရန် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာ့အာမခံလုပ်ငန်းမှ ပညာရှင်ကြီးဖြစ်သည့် ဒေါက်တာမောင်မောင်သိမ်းက မြန်မာ့အာမခံလောက၏ သမိုင်းကြောင်း၊ ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများနှင့် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍအရေးပါပုံတို့ကို မုဒိတာစကား ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ယနေ့အခမ်းအနားတက်ရောက်လာသူများထဲမှ စာရေးဆရာအော်ပီကျယ်က စာပေ၏ အခန်းကဏ္ဍနှင့် မီဒီယာကို အားပြု၍ အာမခံလောက ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည်များကို ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့်မီဒီယာများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။

Contact Us

  • No. 53, #05-18, 5th Floor, Strand Square, Strand Road, Pabedan Township, Yangon, Myanmar.
  • admin@mia.org.mm
  • 01 12307363