Hot Line : 01 12307363
မြန်မာနိုင်ငံအာမခံအသင်း (Myanmar Insurance Association) ရုံးဖွင့်ပွဲအခမ်းအနားနှင့် နိုင်ငံခြားအာမခံသင်တန်းကျောင်းများနှင့် နားလည်မှုစာချွန်လွှာရေးထိုးခြင်းအခမ်းအနား
မြန်မာနိုင်ငံအာမခံအသင်း (MIA) ရုံးဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၅ ရက်၊ (တနင်္လာနေ့)၊ နံနက် (၈:၃၀) က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ Strand Square ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ IBRB အဖွဲ့ဝင်များနှင့် တာဝန်ရှိလူကြီးမင်းများ၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိလူကြီးမင်းများ၊ ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အုပ်ချုပ်သူများနှင့် အကြံပေးလူကြီးမင်းများ၊ နိုင်ငံခြားအာမခံကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် ဖွင့်ပွဲအစီအစဉ်များကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံအာမခံလုပ်ငန်းကြီးကြပ်ရေး (IBRB) အဖွဲ့ဝင် ဦးဝင်းမြင့်ဟန်၊ မြန်မာနိုင်ငံအာမခံအသင်း (MIA) ဥက္ကဋ္ဌ ဒေါက်တာဒေါ်စန္ဒာဦး၊ ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအာမခံအသင်းဥက္ကဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီးနောက် မြန်မာနိုင်ငံအာမခံအသင်းရုံးခန်းအား လှည့်လည်ကြည့်ရှု့ကာ ဧည့်သည်တော််များမှတ်တမ်းတွင် ဂုဏ်ပြုလက်မှတ်ရေးထိုးခဲ့ကြပါသည်။